ဖားကန့် စက်တင်ဘာ ၁၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံမှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အခြား တိုင်းဒေသကြီး/ပြည်နယ်များမှ ဖားကန့်ဒေသသို့ ဝင်လာသူများအားလုံးကို အသွားအလာ(၁၄)ရက်ကန့်သတ်ထားရှိမှုများ ဆောင်ရွက်လျက် ရှိကြောင်း လုံးခင်း(လယ်ပြင်)ဂိတ်တွင် ကိုယ်အပူချိန် တိုင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွား ရာဇဝင်စစ်ဆေးခြင်းလုပ်ငန်း ဦးဆောင် ဆောင်ရွက်နေသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းရွှေထံမှ သိရသည်။
ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က "ကျွန်တော်တို့ဖားကန့်မြို့နယ်ရဲ့ ဝင်ထွက်ပေါက် ဂိတ်လေးခုမှာ ကျန်းမာရေးနဲ့ ခရီးသွားရာဇဝင်စစ်ဆေးတာတွေ ဆောင်ရွက်နေပါတယ်၊ ခရီးသွားပြည်သူတွေအနေနဲ့ ကျွန်တော်တို့နဲ့ပူးပေါင်းပြီး ဘယ်ဒေသကနေလာခဲ့တယ် ဆိုတာကို အမှန်အတိုင်း ပြောပြပေးစေချင်ပါတယ်၊ ကိုယ်လာရောက်ရာဒေသက ခရီးသွား ထောက်ခံစာ တွေ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးခြင်း အားဖြင့် စစ်ဆေးတဲ့နေရာမှာ အချိန်နှောင့်နှေးကြန့်ကြာမှု တွေ လျော့နည်း သွားနိုင်ပါတယ်"ဟု ပြောသည်။
ဖားကန့်မြို့နယ်ရှိ မြို့ဝင်ဂိတ်လေးခုဖြစ်သည့် ကာမိုင်းပူးပေါင်းစစ်ဆေးရေးဂိတ်၊ လုံးခင်း (လယ်ပြင်)ပူးပေါင်းစစ်ဆေးရေးဂိတ်၊ ဝှေခါ(မကာပင်) စစ်ဆေးရေးဂိတ်နှင့် ဟောင်ပါး(တာမခံ) စစ်ဆေးရေးဂိတ်တို့တွင် ကိုယ်အပူချိန်တိုင်း ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင် စစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၉ ရက်နေ့အထိ နေ့စဉ်အဝင်လူဦးရေ ပျမ်းမျှ ၁၈၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါတွင် ပျမ်းမျှ ၄၀၀ ဦးခန့်သာ အဝင်ရှိခဲ့သည့်အတွက် ၇၈ ရာခိုင်နှုန်းအထိ အဝင်လူဦးရေ တစ်နေ့ထက်တစ်နေ့ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်၌ စက်တင်ဘာ ၉ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ် ၁၇၁၂ အားတွေ့ခဲ့ရပြီးနောက် လူနာအမှတ် ၁၇၁၂ ၏ ဇနီး၊ သမီးဖြစ်သူနှင့် ၎င်းနေထိုင်ခဲ့ရာ တောင်ပြိုကျေးရွာမှပြည်သူများ၊ လေယာဉ်တစ်စီးတည်းစီးမိခဲ့သူများအပါအဝင် အခြားအသွား အလာကန့်သတ် ထားရှိသူ(၁၀၇)ဦးတို့၏ ဓါတ်ခွဲစစ်ဆေးချက်များအားလည်း ရယူစစ်ဆေးလျက် ရှိနေကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)