ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့်စာဖတ်ခြင်းအကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ

ဇေယျာသီရိ ဩဂုတ် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်စာဖတ်ခြင်းအကြောင်း အသိပညာပေးဟောပြောပွဲကို ဇေယျာသီရိမြို့နယ် ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်း၌   ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြာကြားရာတွင် ကျောင်းသား/သူကလေးငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေ အသိပညာဗဟုသုတများတိုးပွားစေရန် ယခုလိုအခြေခံပညာကျောင်းများသို့ ဟောပြောပွဲများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။  ထို့နောက် နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာ/ဆရာမများဖြစ်သည့် ဆရာရဲမွန်ကျော်၊ စာရေးဆရာ စိန်ဝင်းနွယ် (ဘာသာပြန်)၊ ဆရာမချယ်ရီအောင်သန်းနှင့် စာရေးဆရာ သဘာဝတို့က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်အောက်မှ လုလင်ငယ်သွေးအားမာန်မွေး၊ သင့်သဘောထားသည်သာ၊ ဂုဏ်ယူထိုက် သောသူ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ပြည်စံအောင်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၃၀၀) ဦးတက်ရောက်ခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)