ပုဇွန်တောင် ဩဂုတ် ၂၄
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ အသက် (၁၈)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာပုံစံတွင် ဖြည့်သွင်းခိုင်းပြီး မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒအတိုင်း ထိုးနှံပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်းအပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ အသက် (၁၈)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူ(၁၉၈)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးနိုင် ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက် (၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
ဟန်စုယဉ်