အထကကော့မှူးမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကော့မှူး  သြဂုတ်  ၂၄

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီ က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း ..က (ကော့မှူး) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသန့် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားမှူး ဦးအောင်နိုင်ဦး က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်နှင့်ခေါင်းဆောင်မှု အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်အားကစားမှူးက ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ရွှေထံ ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား မြန်မာသိုင်းအဖွဲ့က သရုပ်ပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ကျော်သူရ