မှော်ဘီ ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစ်ကျိုး ကျေးရွာအုပ်စု၊ အမောက်ဝဲကျေးရွာတွင် Mo Money Mobile Payment အသုံးပြု၍ ချေးငွေထုတ်ယူခြင်း အစီအစဉ်ကို ဩဂုတ်လ(၂၃)ရက်နေ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြစိမ်းရောင်စီမံကိန်းကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများကို လက်လှမ်းမီစေရန်၊ အုပ်ချုပ်မှုဆိုင်ရာ ဝန်ထုတ်ဝန်ပိုးများကို လျော့ချနိုင်စေရန်၊ Mobile Financial Payment စနစ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Mobile Phone အသုံးပြု၍ ချေးငွေထုတ်ယူခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ချေးငွေထုတ်ယူရာတွင်လည် စိုက်ပျိုးရေးဆောင်ရွက်သူ(၅၄)ဦး၊ မွေးမြူရေး ဆောင်ရွက်သူ (၂)ဦး၊ အရောင်းအဝယ်ဆောင်ရွက်သူ(၆)ဦးနှင့် အသက်မွေးဝမ်းကျောင်း ဆောင်ရွက်သူ(၆)ဦး စုစုပေါင်း(၆၈)ဦးတို့ ငွေကျပ်(၂၉၄)သိန်းကို ချေးယူခဲ့ကြောင်းလည်း မြို့နယ်ဦးစီးမှူး ဦးတင်စိုးထံမှ သိရသည်။
မှော်ဘီမြို့နယ်တွင် Mobile Phone အသုံးပြု၍ ချေးငွေထုတ်ယူခြင်းအစီအစဉ် ပထမအကြိမ် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ချေးငွေများကိုလည်း Mo Money Mobile Payment မှ တာဝန်ရှိသူများက လာရောက်ဆောင်ရွက်ပေးခဲ့ပြီး မြောက်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဘသိန်းမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)