မိုးညှင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မိုးညှင်း ဩဂုတ် ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နွဲ့ရီစောက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့ သာမက ပညာတတ်ဖို့ပါကြိုးစားကြ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တစသည့် ခေါင်းစဉ် အကြောင်းအရာ များဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးအောင်ဇင်ဦးက အားကစားလှုပ်ရှားမှုနှင့် ပတ်သက်၍ လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်ကိုအကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်စေရန်အတွက် ရည်ရွယ်၍ အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲတွင် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်မှ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း(၁၅၅)ဦး ပါဝင် တက်ရောက်ကြီပြီး အဆိုပါအသိပညာပေးဟောပြောပွဲကို ကျန်ရှိနေသည့် အခြေခံပညာ အထက်တန်းကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးနှင့် ပတ်သက်၍ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)