သံတွဲ ဩဂုတ် ၂၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ လှူဒါန်းသည့် အလှူငွေနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက သံတွဲမြို့နယ်၊ ငပလီမြို့ ပုလဲရတနာပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားကို ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်ပေးခဲ့ကြသည်။ ထို့နောက် ပုလဲရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဣန္နာစာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ရခိုင်ပြည်နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို ခံယူဆောက်တည်ကာ မေတ္တာသုတ်ပရိတ် တရားတော်များ နာယူတော်မူကြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း(၅၀)နှင့် ဆွမ်းဆန်တော်အိတ်(၁၀၀)တို့အား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်တို့က ပုလဲရတနာဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဣန္နာစာရ ထံသို့ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
အဆိုပါ ပုလဲရတနာပရိယတ္တိစာသင်တိုက်ကို (၁၉၈၈)ခုနှစ်က သာမဏေတစ်ပါးဖြင့် ကိုယ်ထူကိုယ်ထ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၃၀)ကျော်ကာလတွင် မူတန်းမှ ဓမ္မာစရိယတန်းအထိ ရာပေါင်းများစွာသော စာသင်သားများကို မွေးထုတ်ပေးကာ သာသနာတော်၌ ဓမ္မာစရိယတန်းအောင် ကျောင်းထိုင်စာချ သာသနာပြုတပည့်ပေါင်း (၃၀)ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ၂၀၁၂ ခုနှစ်တွင် အခြေခံပညာ မသင်ကြား နိုင်သော ကလေးသူငယ်များအား အခမဲ့ပညာသင်ကြားနိုင်ရေးအတွက် ပုလဲရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို စတင်တည်ထောင် ပညာသင်ကြားပေးလျက်ရှိရာ တက္ကသိုလ်ဝင်တန်း အောင်မြင်သူပေါင်း တစ်ရာကျော်ရှိခဲ့ပြီး ယခုနှစ်တွင် ရခိုင်ပြည်နယ်တစ်ခုလုံးမ ှကျောင်းအိပ်ကျောင်းစားနေထိုင်သည့် ကျောင်းသား/သူ (၁၀၁၁)ဦး၊ သံတွဲဒေသမှ လာရောက် ပညာသင်ကြားသူ(၆၃၀)ဦး စုစုပေါင်း (၁၆၄၁)တို့အား အခမဲ့ကျွေးမွေး ပညာသင်ကြား ပေးလျက်ရှိကြောင်း ဆရာတော်ထံမှ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)