ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူကုန်ကူးမှုအန္တရာယ် ပူးပေါင်းကာကွယ် အသိပညာပေး Talk Show ကျင်းပ

ရန်ကင်း သြဂုတ် ၂၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ထားသဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်၊ လူကုန်ကူးခံရမှု ပုံစံအမျိုးမျိုးမှ ကင်းဝေးစေရန်  ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင် က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် လူကုန်ကူးမှုအန္တရာယ်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို အများပြည်သူသို့ အသိပညာပေးခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ သင်တန်းများ ပေးနိုင်ရေးဆောင်ရွက်ခြင်း၊ လူကုန်ကူးခံရသူများ၊ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးငယ်များအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခြင်းများကို သက်ဆိုင်ရာအဖွဲ့ အစည်းများမှ လုပ်ဆောင်ပေးလျက်ရှိကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဦးရဲမင်းစိုး (တရားလွှတ်တော်ရှေ့နေ) စာရေးဆရာ မောင်မောက်(ဝတ်လုံ)က လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ ကြီးထွားလာခြင်း အကြောင်းအရင်းဖြစ်သည့် အဂတိလိုက်စားမှုကို ထိရောက်စွာတားဆီးခြင်း၊ လူမှောင်ခိုပွဲစားများအား စောင့်ကြည့်၍ လိုအပ်သလို အရေးယူခြင်းများကို ဆောင်ရွက်ခြင်း၊ လူကုန်ကူးမှုကျူးလွန်သူများကို ထိရောက်သောပြစ်ဒဏ်ချမှတ်ခြင်း စသည့် ဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်  ရှင်းလင်းဆွေးနွေးခဲ့သည်။

ရန်ကင်းမြို့နယ်၊ သို့ဖြစ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် စာဖတ်ပရိသတ်များ၊ ပြည်သူများ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးအစီအစဉ်များကို ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ စဉ်ဆက်မပြတ် ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)