ဒဂုံဆိပ်ကမ်း သြဂုတ် ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမဥ္ဇူ က စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် ကျောင်းသား/သူများကို အသိပညာပေး ဟောပြောရာတွင် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ဖို့၊ ဉာဏ်အမြော်အမြင်မြင့်မားဖို့၊ စဉ်းစားဆင်ခြင်ဉာဏ်ရင့်သန်ဖို့၊ ဆုံးဖြတ်ချက်မှန်ကန်ဖို့ဆိုတာ လေ့ကျင့်ပျိုးထောင်ယူရမှာဖြစ်ကြောင်း၊ ဗဟုသုတပြည့်စုံရရှိစေရန်အတွက် ကျောင်းစာသာမက ပြင်ပဗဟုသုတရရှိစေမည့် သုတ/ရသ စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်း၊ မိမိဖြစ်လိုသည့် ရည်မှန်းချက်ပန်းတိုင်ကို ထားရှိရမှာဖြစ်ကြောင်း၊ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အကျိုးရှိသည့်စာပေများကို လေ့လာဖတ်မှတ်ရမှာဖြစ်ကြောင်း စသည်ဖြင့် ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ပြသထားရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)