စစ်တွေ ဩဂုတ် ၂၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖလားခရိုင်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ဒေသတွင်းအားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းသည် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ပြည်နယ်အတွင်း အားကစားသမားအချင်းချင်း ချစ်ကြည်ပူးပေါင်းမှု ရရှိစေရန်၊ ပြည်နယ်လက်ရွေးစင်အသင်းဖွဲ့စည်းရန်၊ အလားအလာရှိသော လူငယ်လူရွယ် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအကြား ယှဉ်ပြိုင်ခြင်း၊ နှီးနှောဖလှယ်ခြင်းနှင့် အားကစားလုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးဆိုသည့် ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများအနေဖြင့် ယခုပြိုင်ပွဲကတစ်ဆင့် အားသာချက်၊ အားနည်းချက်များကို သိရှိနားလည်အောင်ပြုလုပ်ပြီး ပြင်ဆင်ဆောင်ရွက်ကြပါ၊ လူရွေးချယ်ရေးအဖွဲ့ကလည်း အရည်အချင်းရှိသော အားကစားသမားများကို ရွေးချယ်ပေးကြပါ၊ ပြည်နယ်၊ တိုင်းပြိုင်ပွဲများမှာ အောင်မြင်မှု ရရှိခဲ့လျင်လည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အားကစားတိုးတက် မြင့်မားလာရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ခြင်း၊ ချီးမြှင့်ခြင်းများကို ဆောင်ရွက်ပေးသည့်အချိန်မှာ ပြိုင်ပွဲဝင်အားကစားသမားများကလည်း သာမာန်ပြိုင်ပွဲတစ်ရပ်ကဲ့သို့မဟုတ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများမှာ ဂုဏ်ယူဝင့်ကြွားနိုင်ရန် အထောက်အကူဖြစ်စေမည့် ပြိုင်ပွဲတရပ်အဖြစ် ခံယူချက်ထားပြီး အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကြရန် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက အားကစားအဓိဌာန်(၄) ချက်ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြကာ ရခိုင်ယဉ်ကျေးမှုအဖွဲ့ကတေးသီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။ ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က စစ်တုရင်ကစားကွက်ရွှေ့၍ပြိုင်ပွဲအား စတင်ဖွင့်လှစ်ပေးပြီး အားကစား သမားများ ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲကို ဩဂုတ်လ ၂၆ ရက်နေ့ထိသုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်အတွင်းရှိ ခရိုင်(၅) ခရိုင်မှ ပြိုင်ပွဲဝင်အားကစားသမား ၁၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)