၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးဌာန၏ ငွေလုံးငွေရင်းတည်ဆောက်ရေးလုပ်ငန်းများ အတည်ပြုလျာထားရေးဆွဲနိုင်ရေးရှင်းလင်းဆောင်ရွက်

ရပ်စောက် ဩဂုတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်နယ်စည်ပင်သာယာရေးဌာန ငွေလုံးငွေရင်းတည် ဆောက်ရေးလုပ်ငန်းများ အတည်ပြုလျာထားရေးဆွဲနိုင်ရေး လုပ်ငန်းအခြေအနေများ ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လျာထားရေးဆွဲမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ခံ အင်ဂျင်နီယာ ဒေါ်နန်းဆုမြတ်ဇော်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက် ရှိသော ငွေလုံးငွေရင်း လုပ်ငန်းများဖြစ်သော လမ်း၊ တံတား၊ ရေပေးရေးနှင့် အခြား တည်ဆောက်ရေးလုပ်ငန်းများ၏ အခြေအနေကိုရှင်းလင်းတင်ပြပြီး ၂၀၂၃-၂၀၂၄  ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း တည်ဆောက် ရေးလုပ်ငန်းများ အတည်ပြု ရွေးချယ်နိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ၂၀၂၃-၂၀၂၄  ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း တည်ဆောက်ရေးလုပ်ငန်းများအား ဦးစားပေးအဆင့်အလိုက် ရွေးချယ်တင်ပြခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)