ဗိုလ်တထောင် စက်တင်ဘာ ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလူနာများ တွေ့ရှိရမှုများပြားလာသဖြင့် ကူးစက်မှုမပြန့်ပွားစေရန်နှင့် ထိရောက်စွာ ထိန်းချုပ်ကာကွယ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ယမန်နေ့နံနက်(၁ဝ)နာရီ၌ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မိမိအိမ်တွင်သာနေထိုင်ရန် (Stay at home) ၌ ဗိုလ်တထောင်မြို့နယ် ပါဝင်သောကြောင့် ပြည်သူများသွားလာမှု၊ လမ်းမကြီးများနှင့် လမ်းသွယ်များတွင် အဝင်အထွက်ကို စိစစ် ဆောင်ရွက်ထားရှိမှုများ၊ ရပ်ကွက်နေ ပြည်သူများ၏ လိုအပ်ချက်များ၊ ဈေးရောင်းချမှု အခြေအနေများကို စစ်ဆေး ဆောင်ရွက်ခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်သောင်းက လမ်းသွယ်များရှိ အဝင်အထွက်နေရာများ၌ လက်ဆေးစင်များနှင့် လက်သန့် ဆေးရည်များ ထားရှိမှုများတွင် လိုအပ်ချက်များရှိက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်သူများက ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
သိန်းသိန်း (ဗိုလ်တထောင်)