သာစည် ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် လှိုင်းတက်ကျေးရွာအုပ်စု ဒေသခံပြည်သူများ ယမန်နေ့က အဆိုပါကျေးရွာရှိ ရွှေဘုံသာဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားရာတွင် ကွင်းဆင်းဆောင်ရွက်ရခြင်းအကြောင်း၊ ဒေသခံပြည်သူများက မိမိတို့ဒေသရှိ အခက်အခဲများ တင်ပြဆွေးနွေးကြရန်နှင့် တင်ပြဆွေးနွေးရာတွင် အများအကျိုးရှိစေမည့် ကိစ္စရပ်များအား ဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးတေဇာမြင့်က နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်နေမှု များကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မိမိဌာနအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်များဆောင်ရွက်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများလည်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးပြီး ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးကာ One Stop Service ဖြင့် ဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများထံပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ညောင်ပင်သာကျောင်းတိုက်ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)