၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုငွေထုတ်ပေးခြင်း အခမ်းအနားကျင်းပ

မော်လမြိုင် ဩဂုတ် ၂၄

အလုပ်သမား၀န်ကြီးဌာန မြို့နယ်လူမှုဖူလုံရေးရုံး မော်လမြိုင်မြို့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုငွေထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အလုပ်သမား၀န်ကြီးဌာန ပြည်နယ်လူမှုဖူလုံရေးရုံးမှပြည်နယ် တာ၀န်ခံအရာရှိ ဦးသက်ဆွေကအဖွင့်အမှာစကားပြောကြားပြီး လူမှုဖူလုံရေး သမိုင်းကြောင်း အားလည်ကောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်က အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများအားလည်ကောင်း မြို့နယ်လူမှုဖူလုံရေးရုံး မြို့နယ်တာ၀န်ခံ ဒေါ်သိင်္ဂီဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပါ အကျိုးခံစားခွင့်များအားလည်ကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် အမှတ် (၅၄) စက်မှုလယ်ယာစခန်းမှ အာမခံအလုပ်သမား ဦးမြတ်လင်းသူ၏ အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ၈၉၁၀၀၀၀/-(ကျပ်-ရှစ်ဆယ့်ကိုးသိန်း တစ်သောင်းတိတိ) အား ပြည်နယ်တာ၀န်ခံအရာရှိ ဦးသက်ဆွေက သေဆုံးသူဇနီးထံသို့ပေးအပ်ခဲ့ပြီး အမှတ် (၅၄) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးရဲမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်