မလှိုင်မြို့နယ် ပန်းအိုင်(အ.ထ.က)၌ အဆို၊ အက၊ အရေး၊ အတီး၊ (ခရိုင်အဆင့်) ပြိုင်ပွဲဆုရရှိသူအား ဂုဏ်ပြုပွဲကျင်းပ

မလှိုင် ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ အဆို၊ အက၊ အရေး၊ အတီး၊ (ခရိုင်အဆင့်)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သူအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပန်းအိုင်၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဂုဏ်ပြုပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉) ရပ်တွင် လူမှုရေးဦးတည်ချက်၌ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ၊ မပျောက်ပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်ရေးဆိုသည့်အတိုင်း ဆိုကရေးတီးပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ အနာဂါတ်မျိုးဆက်သစ်လူငယ်များအနေဖြင့် ယခုလို ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် မိမိတို့၏ယဉ်ကျေးမှုကို ထိန်းသိမ်းတန်ဖိုးထားရာရောက်ပါကြောင်း၊ အခြားကျောင်းသား/သူများအနေဖြင့်လည်း အားကျ အတုယူစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက်ပန်းအိုင် အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးမွန်က မိမိတို့ကျောင်းမှ ကျောင်သား မောင်နောနော်အောင် ခရိုင်အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့မှုအပေါ် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ တိုင်းအဆင့်ပြိုင်ပွဲတွင်လည်း ကျောင်းဂုဏ်ဆောင်နိုင်အောင် ဆက်လက်ကြိုးစားသွားရန် အားပေးစကားများပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်နှင့်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးမွန်တို့က ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား မောင်နောနော်အောင်မှ ပြိုင်ပွဲဝင်သီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။ မောင်နောနော်အောင်သည် အသက်(၁ဝ)နှစ်မှ (၁၅)နှစ် (မဟာဂီတ)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အဆင့်တွင်လည်း ပထမဆု၊ ခရိုင်အဆင့်တွင်လည်း ပထမဆုရရှိခဲ့သူဖြစ်၍ ကျောင်းမှ ဂုဏ်ပြုပွဲကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)