ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

ဟိုပုံး ဩဂုတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် ကလေးအလုပ်သမားပ‌ပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက ရှမ်းပြည်နယ်အတွင်းမှာ ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အခြေခံစက်ချုပ်သင်တန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် အခြေခံစက်ချုပ်သင်တန်းကို စာတွေ့/လက်တွေ့ သင်ခန်းစာများကို စိတ်ပါလက်ပါ ကြိုးစားလေ့လာကြတဲ့အတွက် အထူးပင်ဝမ်းသာမိပါကြောင်း၊ အခြေခံစက်ချုပ်ပညာဟာ ကျောင်းပြင်ပရောက်ရှိနေတဲ့ ကလေးတွေအတွက် အသက်မွေးဝမ်းကျောင်းပြုရာမှာ အထောက်အကူပေးမဲ့ ပထမခြေလှမ်းဖြစ်ပြီး လေ့လာဆည်းပူး သင်ယူခွင့်ရရှိခဲ့တဲ့ ပညာရပ်တွေကို အခြေခံပြီးအဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာသွားကြရန် မှာကြားခဲ့ပြီးနောက် နောင်တောင်းပရဟိတတပ်ဦးကျောင်း ဆရာတော် ဦးရာဇိန္ဒသီရိက ဩဝါဒကထာများမိန့်ကြားသည်။ ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက အခြေခံစက်ချုပ်သင်တန်းတွင် ပထမဆုရရှိသော နန်းဟွမ်မွေး၊ ဒုတိယဆုရရှိသော နန်းဒွီး၊ တတိယဆုရရှိသော နန်းရွှေလာတို့ကိုလည်းကောင်း၊ ပြည်နယ်အလုပ် သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာထွန်းတို့က သင်တန်းသူ(၂၀)ဦးတို့အား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမြင့်က သင်တန်းသူ(၂၀)ဦးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ရှမ်းပြည်နယ်အတွင်း ကျောင်းပြင်ပရောက်ရှိနေသော အသက် ၁၆ နှစ်မှ အသက်၁၈နှစ်ကြား လူငယ်များအား မိသားစုများအတွက် သင့်တော်ကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာငွေထောက်ပံ့မှုဖြင့် ဇူလိုင်လ(၂၅)ရက်နေ့မှ ဩဂုတ်လ(၂၄)ရက်နေ့အထိ တစ်လတာဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)