ပူတာအိုခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ပုံပြင်ပြောခြင်းအစီအစဉ်ရိုက်ကူး

ပူတာအို စက်တင်ဘာ ၁၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက် နိုင်သည့် ကလေးများအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းများနှင့် အထွေထွေဗဟုသုတ ရရှိစေမည့် အစီအစဉ်များ ကို ရိုက်ကူးကာ အသိပညာပေးအစီအစဉ်များကို အွန်လိုင်းမှတစ်ဆင့် လွှင့်တင်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၀)နာရီက ပုံပြင်ပြောခြင်း အစီအစဉ် လွှင့်တင်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွန်ကြားချက်များနှင့်အညီ ရိုက်ကူးမှု အစီအစဉ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရိုက်ကူးမှုအစီအစဉ်တွင် မချန်းဇမီဆန်းက တအော စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသည့် "မိတ်ဆွေငါးဦး" ပုံပြင်ကိုလည်းကောင်း၊ မအေးမြတ်နွယ်က လောင်ဖူးရီနာဂ စာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ ရေးသား ပြုစုထားသည့် "နာခံတတ်သောချိုး" ပုံပြင်ကိုလည်းကောင်း၊ မ မူမူချာက တအော စာပေ နှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသည့် "ခိုတစ်သိုက်" ပုံပြင်ကို လည်းကောင်း၊ မ နားချယ်ဒွေ့က ခေါင်တူး စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသည့် "သူစိမ်းဆိုရင်သတိထား" ပုံပြင်ကိုလည်းကောင်း အသီးသီး ရိုက်ကူး ခဲ့ကြသည်။

အဆိုပါရိုက်ကူးမှုအစီအစဉ်များကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ယင်းရိုက်ကူးထားသည့်ဗွီဒီယိုကလစ်များကို ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူမှုကွန်ယက်စာမျက်နှာဖြစ်သည့်"ပူတာအိုခရိုင်ပြည်သူ့ စာကြည့်တိုက်" Pages တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)