မလှိုင် ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ၂ဝဝ၈-ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၇) (က)ပါ အကြောင်းအရာများ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ဝန်ကြီးဌာနများမှစီမံခန့်ခွဲလျက်ရှိသော မြေအမျိုးစားများအကြောင်း၊ လယ်ယာမြေအခြားနည်းသုံးစွဲခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိရှိရန်အချက်များ၊ မြေအမျိုးအစားအလိုက် ခွင့်ပြုချက်ရရှိမှုဆောင်ရွက်ရန်ကိစ္စရပ်များကို အကျယ်တဝင့် ရှင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမိုးထွေးက လယ်ယာမြေနှင့်ပတ်သက်၍ ရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာ ညွန်ကြားချက်များနှင့်ပတ်သက်၍လည်းကောင်း၊ လယ်ယာမြေအခြားနည်းသုံးစွဲခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ၊ လိုက်နာခြင်းမရှိပါက အရေးယူခံရနိုင်သည့် ဥပဒေပါအကြောင်းရာ များကို အသိပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့သည်။
ဆွေးနွေးပွဲသို့ မြို့နယ်လယ်/စီအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ မြို့ပေါ်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲတာဝန်ခံများ၊ ထွေ/အုပ် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)