ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ တာချီလိတ် ဘိုးဘွားရိပ်သာရှိ အသက်ကြီး ဘိုးဘွားများအား အလှူငွေ သွားရောက်လှူဒါန်းပေး

တာချီလိတ် သြဂုတ် ၂၄

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ဘိုးဘွားရိပ်သာရှိ အသက်ကြီး အဘိုး၊ အဘွားများအား သြဂုတ်(၂၃)ရက် နံနက်(၉)နာရီခွဲက အဆိုပါရိပ်သာ၌ အလှူငွေများ သွားရောက်ပေးအပ်လှူဒါန်းပေးကြကြောင်း သိရသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တာချီလိတ်ခရိုင် အသက်ကြီး အဘိုးအဘွားများအား အလှူငွေ ကျပ် (၁၀)သိန်းကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်၍လည်းကောင်း၊ ဘိုးဘွားများ အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့​ငွေကျပ်(၂၉၄၀၀၀၀)ကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်တို့က ပေးအပ်ရာ ဘိုးဘွားရိပ်သာကော်မတီအဖွဲ့ တာဝန်ရှိသူများမှ လက်ခံရယူပြီး ဘိုးဘွားများအား ပြည်နယ် ဝန်ကြီးချုပ် ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်သယံဇာတ ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး ဘိုးဘွားများ ကိုယ်စားအဘိုးတစ်ဦးမှ ဆုတောင်းမေတ္တာ ပို့သပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများတို့က ဘိုးဘွားများအားကျန်းမာရေးဌာနမှ ဆရာဝန်ဆရာမများမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှု၍ အားပေးစကာပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ တာချီလိတ်ခရိုင် ဘိုးဘွားရိပ်သာကို ၂၀၀၇ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့က စတင်ဖွင့်လှစ်ပြီး နဂါးနှစ်ကောင်ဆရာတော်ဦးဆောင်၍ ဆရာတော်ဘုရား၏ ဒါယိကာ၊ ဒါယိကာမများတို့စုပေါင်းလှူဒါန်းကာ ဘိုးဘွား(၂၀)ဦးသာရှိပြီး ယခုအချိန်တွင် အဘိုး(၁၁)ဦး၊အဘွား(၁၂)ဦး စုစုပေါင်း(၂၃)ဦး ရှိကြောင်း သိရှိရသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တာချီလိတ်ခရိုင် မယ်ယန်းရှိ ကုန်သွယ်ရေးစခန်းအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ကုန်သွယ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မယ်ယန်းကုန်သွယ်ရေးစခန်း Steel Structure ကုန်စစ်စင် (၅၈´×၄၀´×၂၈´) တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ရာခိုင်နှုန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပို့ကုန်သွင်းကုန်(၁၀)မျိုးနှင့် ပတ်သက်၍ တာချီလိတ်ခရိုင် ကုန်သွယ်ရေးစခန်း ညွှန်ကြားရေးမှူး ဦးစိန်ဝင်းမှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အဆောက်အဦ တည်ဆောက်နေမှုအားကြည့်ရှုခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)