မောက်မယ် သြဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ စာအုပ်စာစောင်များနှင့်ရင်းနှီးမှုရှိစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ညနေ ၃ နာရီက ခင်းကျင်းပြသခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များအား စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာကြည့်ရှုကြရာ နံရံကပ်စာစောင်ပြပွဲတွင် ပလပ်စတစ်သုံးစွဲမှုလျော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးမှတ်တမ်းဓါတ်ပုံများအား ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းနှင့်ဝန်ထမ်းများက လှည့်လည်ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ကြိုက်နှစ်ရာ သုတ/ရသစာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် တစ်လတစ်ကြိမ် လစဉ်ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)