မူဆယ်မြို့တွင် အခြေခံပညာအဆင့် ဆို၊ က၊ ရေး၊ တီး ခရိုင်အဆင့် ကြိုတင်အဆိုပြိုင်ပွဲ လေ့ကျင့်

မူဆယ် ဩဂုတ် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က(၃) သဇင်ဆောင်ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁:၃၀) နာရီအချိန်က ကျောင်းသူ/သားများက အခြေခံပညာအဆင့် ဆို၊ က၊ ရေး၊ တီး ခရိုင်အဆင့် ကြိုတင်အဆိုပြိုင်ပွဲလေ့ကျင့်ခဲ့သည်။

အဆိုပါ  ကြိုတင်အဆိုပြိုင်ပွဲတွင် အ.ထ.က(၁)၊ (၂)၊ (၃) မှအသက်(၁၀-၁၅)၊ (၁၅-၂၀) နှစ်ကြားရှိ စုစုပေါင်းကျောင်းသူ/သား(၁၂)ဦးက သျှောင်ပေစူး၊ ဗိုလ်ရှုသဘင်၊ ပုဂံမြေ၊ ရွှေပန်းချီကား တိုင်းပြည်၊ မြပုံဏ္ဏ၊ ကိုယ်အမျိုးကိုကိုယ်ချစ်ပါ၊ လမြတ်တန်ဆောင်နှင့် မဟာသီချင်းစုစုပေါင်း သီချင်း(၈)ပိုဒ်ကို သီဆို ယှဉ်ပြိုင်ခဲ့ပြီး ဆို၊ က၊ ရေး၊ တီးပညာရှင် ဦးသန်းတင်က သီချင်းသီဆိုယှဉ်ပြိုင်ခဲ့သည့် လိုအပ်ချက်ရှိနေသေးသော ကျောင်းသူ/သားအား ဒီထက်မက ကြိုးစားကြရန်နှင့် ပြန်လည်ပြင်ဆင်ရမည့် နေရာများအားလည်းပြောပြခဲ့ကြောင်း သိရသည်။ ယင်းအခြေခံပညာအဆင့် ဆို၊ က၊ ရေး၊ တီး ကြိုတင်အဆိုပြိုင်ပွဲလေ့ကျင့်ပွဲကို မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၊ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ၊ အ.ထ.ကကျောင်းများမှ ကျောင်းဆရာ/မများနှင့် ကျောင်းသူ/သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)