မိုင်းယောင်း ဩဂုတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဗလမင်းထင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ယာယီမြို့နယ်မှူး ဦးအောင်ပြည်စိုးက အမှာစကားပြောကြားပြီး စီမံကိန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်မိုးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရေးဆွဲရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်က ရေရရှိရေး၊ မီးလင်းရေး၊ လမ်း၊ တံတားများစသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးပြီး မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးမှူးများက မိုင်းယောင်းမြို့နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း