မော်လမြိုင် ဩဂုတ် ၂၄
မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၆) လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအမှူးများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ (၆) လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်းစိစစ်တွေ့ရှိချက်နှင့် အကြံပြုချက်များ၊ ဘဏ္ဍာငွေသုံးစွဲမှုနှင့် အခွန်ငွေကောက်ခံရရှိမှု အခြေအနေများ၊ ဆောင်ရွက်ဆဲ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပေါ် ကြပ်မတ်ဆောင်ရွက်မှု အခြေအနေများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရေး၊ ကျန်းမာရေးကဏ္ဍများအား အစီရင်ခံ ရှင်းလင်းတင်ပြခဲ့ကြပြီး သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မွန်ပြည်နယ်အတွင်း (၆) လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စီးပွားရေးအရ အချက်အချာကျသည့် နေရာတစ်ခုဖြစ်သလို ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရန်အတွက် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေး ဆောင်ရွက်သွားကြရန် လိုကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကောင်းမွန်သော စီးပွားရေး အခြေအနေများ ဖန်တီးနိုင်ရန်နှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသအတွင်း စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့သည် အရေးပါသည့် အစိတ်အပိုင်းဖြစ်ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်သည့် အခြေခံအဆောက်အဦးများ တည်ထောင်ပေးရန် လိုသလို တစ်ဖက်ကလည်း ရေရှည်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေးကိုလည်း အလေးထား ဆောင်ရွက် ပေးကြလိုကြောင်း၊ ဌာနများအနေဖြင့် ဌာန၏ရည်မှန်းချက်များအတိုင်း လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာ၌ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန် ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင် ရွက်ပေးကြရန်လိုကြောင်း၊ ပြည်နယ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ဘဏ္ဏာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ လုပ်ကိုင် ဆောင် ရွက်ကြရန်၊ နိုင်ငံတော်ဘဏ္ဍာငွေများ သုံးစွဲရာတွင်ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုသည့်လုပ်ငန်းများ၊ ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုသည့် လုပ်ငန်းများကို ဆောင်ရွက် ပေးကြစေလိုကြောင်း၊ အခွန်အခများရရှိရန် သတ်မှတ်အခွန်နှုန်းထားများကို ရည်မှန်းချက်ပြည့်မီအောင် ကောက်ခံနိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေမြဲရေးနှင့် ခေတ်အခြေအနေနှင့် နည်းပညာလိုအပ်ချက်အရ KG + 9 ပညာရေးပြီးမြောက်မှုရှိရေးတို့ကို တာဝန်ရှိ ပုဂ္ဂိုလ်များ အဖွဲ့အစည်း အသီးသီးရှိ ပုဂ္ဂိုလ်များ စိတ်စေတနာ အရင်းခံဖြင့် ပူးပေါင်းဆောင်ရွက် ကြစေ လိုကြောင်း၊ အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန် မွေးထုတ်ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ အမျိုးသား အကျိုးစီးပွားကို ဖော်ဆောင်ရွက်ရာတွင် ပြည်သူများ စားရေရိက္ခာဖူလုံပြီး လူမှုစီးပွားဘဝများ သာယာဝပြောစေရေးတို့ကို အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်နိဂုံးချုပ် အမှာစကားပြောကြား၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယနေ့အား အောင် မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်