ညောင်ဦး ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဆွတ်ခူးရောင်းချနေကြပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် သစ်ထောင့်ကျွန်းကျေးရွာ ပဲတီးစိမ်းစိုက်တောင်သူ ဦးအေးကိုက ပြောကြား၍သိရသည်။
ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ပဲတီစိမ်းကြဲပက်စိုက်ပျိုးခြင်းအား မေလနှင့်ဇွန်လတို့တွင် စတင်ကြဲပက်စိုက်ပျိုးကြပြီး၊ စိုက်ပျိုးပြီးတစ်လခန့်အကြာတွင် အဖူး၊ အပွင့်စတင်ပွင့်ကာ၊ အပွင့်ပွင့်ပြီး အသီးသီးကာ ဆယ်ငါးရက်ခန့်အကြာတွင် အသီးများရင့် ပြီးခူးဆွတ်အစေ့ထုတ် ကာ ပခုက္ကူမြို့ရှိ ပဲပွဲရုံများသို့သွားရောက်ရောင်းချကြသိရသည်။ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ကာ မိုးရွာသွန်းမှုကောင်းမွန်ခြင်းကြောင့် ပဲတီစိမ်းစိုက် ပျိုးတောင်သူများ အပင်များသန်မာထွားကျိုင်းပြီး အသီးသီးနှုန်းလည်းအထူးကောင်းမွန် ကာပဲတီစိမ်းစေ့များအောင်မြင်ကြောင်း ပဲတီစိမ်းစိုက်ပျိုးတောင်သူ ဦးညိုမင်းကရှင်းပြသည်။ပဲတီစိမ်းတစ်တင်း ၄၅၀၀၀ ကျပ် ရောင်းချ ရကြောင်း ပဲတီစိမ်းစိုက်ပျိုးတောင်သူများ မျှော်လင့်နေသည့်ဈေးနှုန်းဖြစ်ကာ ပဲတီစိမ်းအထွက် လည်းကောင်းကြကြောင်းသိရသည်။ ပဲတီစိမ်းဆွတ်ခူးရာတွင် အလုပ်သမတစ်ဦး တစ်ရက် ၃၀၀၀ကျပ် ပေးရပြီး၊ တစ်ဧကစိုက် ခင်းတစ်ခင်း အလုပ်သမ ၁၀ဦး ၁၂ ဦးခန့်ဆွတ်ခူးကြရကာ၊ စတင်စိုက်ပျိုးချိန်က ထွန်စက် ထွန်ယက်ခ တစ်နာရီ ၃၂၀၀၀ကျပ်၊ ထွန်ရှဉ်းထွန်ခ တစ်မနက် ၉၅၀၀ကျပ်ပေးရကြောင်းလည်းသိရကာ ယခုနှစ်ပဲတီစိမ်းအထွက်နှုန်းကောင်းမွန်ခြင်းကြောင့် ပဲတီစိမ်းစိုက်ပျိုး တောင်သူများအဆင်ပြေနေကြကြောင်း သိရသည်။
ပဲတီစိမ်းစိုက်ခင်းစိုက်ပျိုးသိမ်းပြီးချိန် ပဲတီစိမ်းရွက်များသည် စိုက်ခင်းအတွက်မြေ ဆီမြေနှစ် အင်မတန်ကောင်းမွန်သည့်အတွက် လာမည့်နှစ်စိုက်ပျိုးချိန် စိုက်ပျိုးသီးနှံများအတွက်လည်း မြေဩဇာကောင်းကြောင်း ညောင်ဦးမြို့နယ် ပန်းကုန်းပင်ကျေးရွာ ပဲတီစိမ်းစိုက်ပျိုးတောင်သူ ထံမှ သိရသည်။
ကိုကြေးမုံ