မိုင်းယောင်းမြို့၌ မိုးစပါး ၂၈၂၄၆ ဧကစိုက်ပျိုးပြီး

မိုင်းယောင်း ဩဂုတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ လယ် ၁၇၅၀၂ ဧက၊ ယာ ၇၇၇၃ ဧကနှင့် တောင်ယာ ၂၉၇၁ ဧက စုစုပေါင်း မိုးစပါး ၂၈၂၄၆ ဧကစိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့စိုက်ပျိုးပြီးစီးမှုအခြေအနေနှင့် တောင်သူများအတွက် မျိုးသန့်ထုတ်လုပ်ရန် စံပြစိုက်ကွက်များကို ဩဂုတ် ၂၃ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးဇော်နိုင်လင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းနှင့် တာဝန်ရှိသူများက ကွင်းကြည့်ရှုခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် စပါးစိုက်ခင်းများ အောင်မြင်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားကင်းစင်သည့် မျိုးသန့်မျိုးတောင်းများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သတ်မှတ်အထွက်နှုန်းပြည့်မီစေရေးအတွက် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေး၊ ဓာတ်မြေဩဇာများစနစ်တကျသုံးစွဲစေရေး၊ ပေါင်းမြက်များ အချိန်မီနှိမ်နင်းရေး၊ ကင်းထောက်မှတ်တမ်းများယူပြီး ပိုးမွှားရောဂါကြိုတင်ကာကွယ်နှိမ်နင်းပေးခြင်း၊ စိုက်ပျိုးရေချွေတာပြီး ရေသွင်းရေထုတ်မှန်ကန်စေရေး၊ သဘာဝမြေဩဇာများ၊ သဘာဝမှိုသတ်ဆေးများ၊ ပိုးသတ်ဆေးများ ကိုယ်တိုင်ပြုလုပ်သုံးစွဲစေရေး စသည့်နည်းပညာများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း