တောင်ကြီး သြဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်သည့် ပထမသုံးလပတ်(ဧပြီ၊မေ၊ဇွန်)အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက်ကလေးငယ်များအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက တောင်ကြီးခရိုင်/မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၏ဇနီး ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာနေထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအနေနှင့် ယခုထောက်ပံ့ခြင်း အစီအစဉ် သည် မိမိတို့ပြည်နယ်အတွင်းရှိ ကလေးသူငယ်များ၏ အာဟာရအခြေအနေများ တိုးတက်ကောင်းမွန်လာစေရေးအတွက် ကြီးမားသည့် ရင်းနှီးမြှပ်နှံမှုအစီအစဉ်ဖြစ်သည်ဟု ခံယူထားပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်သူ ပြည်နယ်သားများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် တက်ရောက်လာသူများအနေဖြင့်လည်း မိမိတို့ပြည်နယ်အတွင်းရှိ ကလေးသူငယ်များအကျိုးအတွက်ရှေ့ရှုပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက ငွေကြေးထောက်ပံ့ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေကြေးပေးအပ်ရာ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာနေထွန်းနှင့် တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်တို့က လက်ခံရယူခဲ့ကာ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)