မန်တုံမြို့တွင် ကိုဗစ်(၁၉)ရောဂါကာလအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ Cash For Work လုပ်ငန်းစီမံကိန်း ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန်တုံ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် အတွင်းရှိ ကျေးရွာနေ ပြည်သူများ ကိုဗစ် (၁၉) ရောဂါ ကာလ အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် ကျေးရွာအတွင်းရှိ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ရွာသူ၊ ရွာသားများ ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်ပြီး ကျေးလက်နေပြည်သူများဝင်ငွေရရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း (၁၀၀) မတည်ကာ Cash For Work လုပ်ငန်းစီမံကိန်းအား အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် လုပ်ငန်းပြီးစီးမှုအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

လုပ်ငန်းဆောင်ရွက်ခဲ့သည့် ကျေးရွာများမှာ မန်ကော်ကျေးရွာအုပ်စုအတွင်းရှိသည့် မန်ကော်ကျေးရွာ၊ လွယ်ကျင်း ကျေးရွာ၊ ကျမ်းကားကျေးရွာ တို့ဖြစ်ပြီး အဆိုပါကျေးရွာများအတွင်းရှိ ရွာတွင်းလမ်းပြုပြင်ခြင်း၊ ရေနှုတ်မြောင်း တူးဖော်ခြင်းနှင့် စာသင်ကျောင်း ခြံစည်ရိုးအား ချိန်းလိတ်ဖြင့် ကာရံခြင်း လုပ်ငန်းတို့ဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်များ အား ပြန်လည်ပြုပြင် ဆောင်ရွက်ပေးရန် တာဝန်ရှိသူများက မှာကြားခဲ့ပါသည်။ ကိုဗစ် (၁၉) ရောဂါ ကျရောက် နေချိန်တွင် ကျေးရွာနေ ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲကာ စီးပွာရေးကျပ်တည်းနေချိန် ယခုလို ကျေးရွာတွင်းရှိ အိမ်ထောင်စု တစ်စုစီတိုင်းတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိခဲ့၍ တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေးအတွက် အဆင်ပြေပြီး မိမိတို့ကျေးရွာတွင်လည်း လိုအပ်ချက်များ ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်းကို စီမံကိန်းဆောင်ရွက်သည့်ကျေးရွာများရှိ ဒေသခံများ ထံမှ သိရသည်။

စည်သူမောင်မောင်(ပြန်/ဆက်)