စဉ့်ကူး ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စဉ့်ကူးမြို့အခြေခံပညာအထက်ကျောင်းတို့ ပူးပေါင်းကျင်းပသော ကဗျာရွတ်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတပါရရှိ၍ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်၊ ကဗျာစာပေများကို ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကဗျာရွတ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ရုပ်သံကျွမ်းကျင်-၃ ဒေါ်ငြိမ်းချမ်းဝင်းက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ အားလုံးအား ခဲတံ၊ ဘောပင် စသည့် လက်ဆောင်များ ပေးအပ်ခဲ့သည်။
စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ ဆက်)