မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ သြဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် မြေသားရေကန်ပြန်လည် တူးဖော်ပြုပြင်ခြင်းလုပ်ငန်း၊ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ ၁၁.၄ သန်းဖြင့် သီးကုန်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကျယ် အလျား ပေ ၂၀၀ ၊ အနံ ၂၀၀ ၊ အနက် ၃ ပေရှိ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းကို ယနေ့တွင် ဆောင်ရွက်လျက်ရှိရာ အဆိုပါ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းပြီးစီး၍ သီးကုန်းကျေးရွာရှိ ဒေသခံပြည်သူများမှာ ရာသီမရွေး သောက်သုံးရေအဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)