ချမ်းမြသာစည် ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများနှင့်အတူ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက်(၁၀:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် ဌာနဆိုင်ရာများမှ ရပ်ကွက်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့စည်းများနှင့် ပတ်သက်ဆက်နွယ်မှုမရှိစေရေး၊ နိုင်ငံသားမှတ်ပုံတင်ကတ်များနှင့် အိမ်ထောင်စုဇယားများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ဖွား/သေကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများ စသည့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား အသီးသီးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ပြည်သူများ၏ သိရှိလိုသည့်မေးမြန်းမှုများအား သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝေဖြိုးအောင်၊ အဖွဲ့ဝင်(၂) ဦးဇော်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်ဝင်းကျော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနုနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ ဆက်လက်ပြီး နေ့လယ်ပိုင်းတွင် သံလျက်မော်တောင်ရပ်ကွက်၊ မဟာဗောဓိဓာတ်ပေါင်းစုစေတီဓမ္မာရုံ၌ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံပွဲကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်စိမ်းဝင်း