စဉ့်ကူး ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း ရွှေရတုခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ပညာရည်ချွန်ဆု ရရှိသောကျောင်းသား/ ကျောင်းသူများက" ဘက်စုံပညာကိုရည် တို့လှမ်းချီ" သီချင်းဖြင့် သီဆိုဖျော်ဖြေ၍အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသော်တာထွန်းက အခြေခံပညာ အထက်တန်းကျောင်း (စဉ့်ကူး) အတွက် အလှူငွေများပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာထွန်းက လက်ခံရယူခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦး နှင့် ဒုတိယမြို့နယ်ပညာရေးမှူးတို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီး ပညာရည်ချွန်ဆုများကို ချီးမြှင့်ရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ထူးချွန်စွာ အောင်မြင်ကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်း၊ အတွင်းရေးမှူး ရဲမှူးဇော်နီချစ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် Grade-11 ကျောင်းသူ မနှင်းစန္ဒာထွန်းမှ “ကျွန်တော့်ရည်မှန်းချက်” သီချင်းဖြင့် သီဆို ဖျော်ဖြေခဲ့သည်။
အဆိုပါ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/မကြီးများ၊ ကျောင်း အကျိုးတော်ဆောင်များ၊ မြို့မိ/မြို့ဖများ၊ ဆုရကျောင်းသား/သူများနှင့် မိဘများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)