စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ကော့မှူး   ဩဂုတ်  ၂၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားရေးအသိပညာပေး ဟောပြောပွဲနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့နံနက် က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ဘုရားလမ်းရပ်ကွက်  အခြေခံပညာမူလတန်းလွန်ကျောင်း (မူလွန်)ပတုပ်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့် က ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိစေရန် စာပေလေ့လာဖတ်ရှုပါဆိုသော ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး မူလွန်(ပတုပ်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းရီက ယခုလိုကျောင်းသား ကျောင်းသူများအသိပညာတိုးပွားစေရန် ဟောပြောပွဲများ လာရောက်ဆောင်ရွက်ပေးသော မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအား အထူးကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် သုတရသစာအုပ် (၁၀၀)အုပ် အားငှားရမ်းပေးခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှတ်တမ်းဓာတ်ပုံပြခန်းများ၊ မိုးရာသီတွင်ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မျောက်ကျောက်ရောဂါအကြောင်းအရာများ စသည့်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)