မိုင်းဆတ် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရန် စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းတူးက ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တို အတွင်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းထားမှုအခြေအနေများနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီ(၇)ခုမှ တာဝန်ရှိသူ(၇)ဦး၊ အများယုံကြည် လေးစားခြင်း ခံရသော ပုဂ္ဂိုလ်(၆)ဦး၊ ဩဇာတိက္ကမရှိသူ(၅)ဦးနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် (၉)ဦးတို့က တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမောင်ချိုက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)