ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

ရန်ကင်း  သြဂုတ်  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ပြည်သူများ၊ လူငယ်လူရွယ်များ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန်နှင့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင်၊ မုန်တိုင်း၊ မီးဘေး၊ လေဘေး၊ မြေပြိုကျမှု စသည့် သဘာဝဘေးအန္တရာယ်တို့နှင့် ပတ်သက်သော အသိပညာပေး Talk Show ဆွေးနွေးပွဲကို   ယနေ့နံနက် ၉:၃၀ နာရီ က ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင် က ငလျင်သည် အခြားသောသဘာဝဘေးများကဲ့သို့ ဖြစ်ပေါ်နိုင်သော အချိန်၊ ကာလ၊ ရာသီမရှိဘဲ အချိန်အခါမရွေး၊ ရာသီမရွေးဖြစ်ပေါ်နိုင်သော သဘာဝဘေးတစ်မျိုးဖြစ်၍ တွေးကြောက်နေရန်မလိုဘဲ အမှန်တကယ် ငလျင်လှုပ်ရှားမှုနှင့်  ရင်ဆိုင်ကြုံတွေ့ရပါက ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုအစီအမံများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှ ဆရာမောင်ယဉ်ဝေက မုန်တိုင်း၏ အရေးပါသော အဖျက်စွမ်းအား ()မျိုးဖြစ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မုန်တိုင်းဒီရေတိုးတက်ခြင်းတို့ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ရုတ်တရက်ငလျင်လှုပ်လျှင် စာရေးခုံ၊ စားပွဲခုံများအောက်တွင် ချက်ချင်းပုန်းလျှိုးနေရန်၊ လေးလံသောအရာဝတ္ထုများကို သတိထားရန်၊ အပြင်ထွက်နေသော တံခါးပေါက်၊ ပြတင်းပေါက်များမှ ဝေးဝေးနေရန်၊ ငလျင်လှုပ်စဉ် အိမ်အပြင်ကို ထွက်မပြေးရန်၊ လျှပ်စစ်ကြိုးများအောက်တွင် မနေရန်၊ ကားအတွင်း၌ ရှိနေလျှင် တံတားများ၊ အဆောက်အအုံများနှင့် ဝေးဝေးနေရန် စသည့် ငလျင်ကျရောက်ပါက ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များမှ ဘယ်လိုကာကွယ်ပြီး နေထိုင်းသွားရမည်ကို ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင် က ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)