ကျောက်ဆည် ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင် အားကစားနှင့်ကာယပညာစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူးက ကျောင်းသားလူငယ်များ ဗဟုသုတရရှိပြီး လိမ္မာယဉ်ကျေးကာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက် မြတ်သော ကျောင်းသားလူငယ်များဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အထက်တန်းပြဆရာကြီး ဦးတင်အောင်မိုးက စိတ်ဓာတ်ကောင်းမွန်ရေး၊ စည်းကမ်းကောင်းမွန်ရေးအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်နှင့်ရည်ရွယ်ချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး စသည့်အကြောင်းအရာများနှင့် မြို့နယ်အားကစားနှင်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝေမင်းဟိန်းက အားကစားလိုက်စားခြင်းဖြင့် ကျန်းမားကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးလာသည့်အပြင် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး မိမိကိုယ်ကိုယုံကြည်စိတ်များတိုးပွားလာခြင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ခြင်းလုံးဆပ်ကော်မတီအဖွဲ့မှ ရိုးရာခြင်းလုံးအလှခတ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများက Fitness Dance အကဖြင့်သရုပ်ပြသခြင်း၊ ကရာတေးဒိုသရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သက်မောင်