ဘူးသီးတောင် သြဂုတ် ၂၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြအခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ ညနေ(၃)နာရီအချိန်က ဘူးသီးတောင်မြို့ အခြေပညာအလယ်တန်းကျောင်း(ခွဲ) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်က သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များ ကူညီဆောင်ရွက်နေမှုအခြေအနေများ၊ မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက သက်ဆိုင်ရာမှ သတိပေးထုတ်ပြန်ချက်များ၊ ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင်ရန်၊ ရှောင်ရန်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား ပြောကြားခဲ့ပြီ၊ မြို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးကျော်မြင့်ဝေက ရှေးဦးသူနာပြုစုနည်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံးမှ တာဝန်ရှိသူများက ဘေး(၈)မျိုးပါဝင်သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြို၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးတို့နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေဘေးအန္တရာယ်နှင့်ပတ်သတ်၍ အသက်ကယ်LifeJacketဝတ်ဆင်အသုံးပြုတတ်စေရေးနည်းများ၊ သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်နိုင်ရေး နှင့် အခြားသော ဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုးချည်နည်းစနစ်များ၊ လူနာသယ်နည်းစနစ်များ၊ အသက်ကယ်ဝတ်စုံဝတ်ဆင်နည်းများနှင့် ရှေးဦးသူနာပြုစုနည်းများ စသည့်တို့ကို ကျောင်းသား/သူများအား သရုပ်ပြသကာ လက်တွေ့လုပ်ဆောင်စေခြင်းများ ဆောင်ရွက်ခဲ့ပြီး ငလျင်ဇာတိုက်လေ့ကျင်းမှူ သရုပ်ပြအခမ်းအနားကျင်းပခဲ့ကာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ဝေသည့် ဘေး(၈)မျိုးပါဝင်သော လက်ကမ်းစာစောင် (၁၀၀)တို့ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)