တာမွေမြို့နယ်တွင် Box Culvert ခင်းလောင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန် စက်တင်ဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်း ကျင်သန့်ရှင်း သာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် ရေစီး ရေလာကောင်းမွန်စေရေးတို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်ကလည်း မြို့နယ်စည်ပင်သာယာရေးကော်မတီ (ရေစီး ရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့ )၏ ဦးဆောင်မှုဖြင့် တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက်ရှိ ဝဏ္ဏသိင်္ဂီလမ်း နှင့်လယ်ယာရွှေမြေလမ်း လမ်းဆုံနေရာတွင် Box Culvert ခင်းလောင်းခြင်း လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ပေးနေမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးကလည်း " အခုလို မြို့နယ်စည်ပင်ဌာနက တာဝန်ရှိသူတွေအနေနဲ့ ကျွန်တော်တို့ ရပ်ကွက်မှာရှိတဲ့ ဒီ Box Culvert မြောင်းနံရံကိုမြှင့်ပြီးတော့ ကွန်ကရစ်မြောင်းဖုံး  များ အသစ်ပြန်လည်ခင်းကျင်း ပေးတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။ ဒီမြောင်းမှာဆိုရင် မေတ္တာ ညွန့်ရပ်ကွက် နှင့် တာမွေလေးရပ်ကွက်တို့မှ စီးဆင်း လာတဲ့ ရေဆိုးရေညစ်​တွေကို တာမွေမြို့နယ်ရဲ့ ပင်မချောင်းတစ်ခုဖြစ်တဲ့ နတ်ချောင်းအတွင်း စွန့်ထုတ်တဲ့ အဓိကမြောင်း လည်းဖြစ်ပါတယ်။ ယခင်ကဆိုရင် ဒီ Box Culvert နံရံနိမ့်နေခြင်းနှင့် မြေအောက်မြောင်းအတွင်း နုန်းများ၊ အမှိုက်များ မကြာခဏဆိုသလို ပိတ်ဆို့နေတဲ့အတွက် မိုးသည်းထန်စွာ ရွာသွန်းချိန်များ ၌လည်းကောင်း၊ ဒီရေတက်ချိန်များ၌လည်းကောင်း လမ်းမများပေါ်သို့ ရေများလွှမ်းမိုးလျက်ရှိခြင်း ကြောင့် သွားရေးလာရေးတွင် အခက်အခဲ များစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ ယခုလို Box Culvert မြောင်းနံရံအားမြှင့်ခြင်းနှင့် ကွန်ကရစ်မြောင်းဖုံးများ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး သွားပါက ဒီနေရာမှာ ယခင်ကလို လမ်းမပေါ်သို့ ရေများ လွှမ်းမိုးခြင်း ပြဿနာမှ ကင်းဝေးသွားစေနိုင်မှာဖြစ်တဲ့အပြင် လမ်းသွားလမ်းလာများနှင့် ရပ်ကွက်နေ ပြည်သူများအဖို့ သွားလာရေးတွင် အဆင်ပြေ ချောမွေ့လာနိုင်လိမ့်မယ်ဆိုတာ ယုံကြည်မိပါတယ် " ဟု ပြောကြားခဲ့သည်။

အဆိုပါ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ ဝဏ္ဏသိင်္ဂီလမ်းနှင့် လယ်ယာရွှေမြေလမ်း လမ်းဆုံနေရာတွင် ဆောင်ရွက်လျက် ရှိသော Box Culvert မှာ အလျား(၃၀)ပေ၊ အနံ(၅)ပေနှင့် အမြင့်(၅)ပေရှိပြီး တိုင်းဒေသကြီးဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ  တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)