သထုံ ဩဂုတ် ၂၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့ မွန်းလွဲပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ ဝါးတော၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျောင်းသူ၊ ကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာ စာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂါတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံသားကောင်းများ ဖြစ်လာနိုင်ရေးတို့ကို ဟောပြောဆွေးနွေးသည်။
ယင်းနောက် ပြိုင်ပွဲများကျင်းပပေးရာ အလယ်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများက စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်းတို့ကို သတ်မှတ်ခေါင်းစဉ်အလိုက် ယှဉ်ပြိုင်ကြရာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ကြသူများအား အ.မ.က(လွန်) ဝါးတောကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်စံပယ်နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့က ဆုလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရားများ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ သဘာ၀ ဘေးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် စသည့်အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားများ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်