ညောင်ဦး ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ အချိန်က ညောင်ဦးမြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၊ ဘုန်းတော်ကြီး ကျောင်းတွင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးမြု့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့ဒုရဲမှူး ဝင်းဆန်းတို့ ဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အင်တိုင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် မိတ်ဆက်ပြောကြားကာ ဒေသခံပြည်သူများက ကျေးရွာအလိုက် ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး အတွက် ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်လမ်း ကုန်ထုတ်လမ်း၊ အဆောက်အဦ၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန်၊ မျိုးစေ့မျိုးသန့်များ ထောက်ပံ့နိုင်ရေးနှင့် နိုင်ငံသားတိုင်း နိုင်ငံသားကတ်များ ကွင်းဆင်း ပြုလုပ်ပေးရေး၊ ကျေးလက်စာကြည့်တိုက်တို့ကို ဒေသခံပြည်သူများက ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခဲ့ပြီး ညောင်ဦး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနန်းတင့်မှ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တင်ပြဆွေးနွေးချက်များအား ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ