နေကြာမျိုးစေ့ထုတ်တောင်သူများအား ဓါတ်မြေဩဇာနှင့် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ရပ်စောက်၌ ကျင်းပ

ရပ်စောက် ဩဂုတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် ဦးဆောင်စိုက်ပျိုးထုတ်လုပ်မည့် နေကြာမျိုးစေ့ထုတ်ဧက(၁၀၀)အတွင်းရှိ တောင်သူများအား မျိုးစေ့နှင့်ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝင်းနိုင်က နေကြာမျိုးစေ့ထုတ်နည်းပညာများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဆန်းဦးက နေကြာမျိုးစေ့ထုတ် တောင်သူများအား နေကြာစိုက်ဧက ပြည့်မီစွာထုတ်လုပ်နိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)အုပ်စုမှ နေကြာမျိုးစေ့ထုတ်တောင်သူ(၁၅)ဦးအား နေကြာမျိုးစေ့ထုတ် ဧက(၁၀၀)အတွက် (၁)ဧကလျှင်မျိုးစေ့ (၄)ကီလိုနှုန်းဖြင့် ကီလို(၄၀၀)နှင့် မြေဩဇာ(၁၀၀)အိတ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ တောင်သူများမှ လက်ခံရယူခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာသူများအား “ဆီနေကြာ” ပင်တည်းဝတ်မုံကူးမျိုး(OPV) Open Pollinated Variety မျိုးစေ့ထုတ်နည်းစနစ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)