မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ် အစိုးရအဖွဲ့၏ (၆)လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင် ဩဂုတ် ၂၃                                         

မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၆) လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအမှူးများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ နိုင်ငံတော်၏ ဦးတည်ချက်(၉)ရပ်တို့ကို နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်၏ ရပ်ရွာလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးစေရေးတို့ကို အထူးဂရုစိုက် ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် အခြေခံအားဖြင့် မဲပေးမည့်စာရင်း၊ ဇယားများ တိကျမှန်ကန်ပြီး ဆန္ဒမဲပေးပိုင်ခွင့် တစ်ဦးချင်းစီတိုင်း မဲပေးပိုင်ခွင့်ရှိစေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံရာတွင် သက်ဆိုင်ရာ မြို့နယ်များအလိုက် သတ်မှတ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများကလည်း ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်မှုကွာဟခြင်းကို လျော့ချနိုင်ရန် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော် တွင် သယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝပြီး အရင်းမြစ်များပေါ်မူတည်၍ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် လူဦးရေများစွာရှိကာ လူသားအရင်းအမြစ်များကို အသုံးချရန်လိုသလို လူငယ်များ၏ စွမ်းဆောင်ရည် တိုးတက်ရန်လည်း လိုအပ်မည်  ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရာ၌ လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် ပညာအပေါ်တွင်  အဓိက   မှီတည်းနေသည့်အတွက် ခေတ်မီပညာတတ်များ ပေါ်ထွန်းလာစေရန် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြား နိုင်ရေး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအထွက်နှုန်း ကောင်းမွန်စေရေးအတွက် လယ်လှပ်မြေများ ဖော်ထုတ်တိုးချဲ့ စိုက်ပျိုးရန် လိုအပ်မှာဖြစ်သလို မိုးစပါးရာခိုင်နှုန်း ပြည့်မီ စိုက်ပျိုးနိုင်ခဲ့ပြီး နွေစပါး အပါအဝင် အခြားဆီနှင့်၊ ဆီထွက်သီးနှံများ၊ ဒေသထွက် သီးနှံများကိုလည်း ဖူလုံမှု ရှိစေရေးအတွက် အလေးထား စိုက်ပျိုးကြရန် လိုကြောင်း၊ မွေးမြူရေးကဏ္ဍအနေဖြင့် အသားစားကြက်၊ ဝက်များကို အချိန်တိုအတွင်း အောင်မြင်စွာ ဖြစ်ထွန်းမွေးမြူနိုင်ရေးကိုလည်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရာမှာ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အားကစားလှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးတွက် မရှိမဖြစ်လိုအပ်သည့် လမ်းပန်းဆက် သွယ်မှု ကောင်းမွန်စေရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ပိုမိုတိုးတက်လာစေရေး၊ ပြည်သူများ စားရေရိက္ခာ ဖူလုံပြီး လူမှုစီးပွားဘဝများ သာယာဝပြောစေရေးတို့ကို စဉ်ဆက်မပြတ် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများမှ (၆) လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်