မိုင်းဆတ်မြို့၊ အလက-ခွဲ(မယ်နင်)၌ လူငယ်ရေးရာနှင့် ပလပ်စတစ်အန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မိုင်းဆတ် ဩဂုတ် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မယ်နင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌  ယမန်နေ့ နေ့လယ် ၁ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဉီးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာနှင့် ပလပ်စတစ်အန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးအရာရှိ ဒေါ်စန်းစန်းယဉ် က လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်များ စာတတ်ရန်သာမက ပညာတတ်ရန် ကြိုး စားကြရေး၊ အနာဂတ်တွင် တိုင်းပြည်အားထားရမည့် လူငယ်၊ လူရွယ်များဖြစ်လာစေရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဉီးစိုင်းဝေယံထွန်းက ပလပ်စတစ်အန္တရာယ် အကြောင်း အရာများကိုလည်းကောင်း အကျယ်တဝင့် ဟောပြောခဲ့ကြကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး စာအုပ်၊ စာစောင်များနှင့် စာဖတ်ဝိုင်းကျင်းပပေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

စန်းစန်းယဉ်(ပြန်/ဆက်)