မန်တုံ သြဂုတ်၂၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အောင်ချမ်းသာရပ်ကွက်သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာအုပ်၊ စာပေ ဝါသနာပါသူ ဒေသခံပြည်သူများအား အားလပ်ချိန်တွင် မိမိကြိုက် နှစ်သက်သည့် စာအုပ်၊ စာပေကောင်းများ ဖတ်ရှုလေ့လာ ရှာမှီးနိုင်စေရေးအတွက် အောင်ချမ်းသာရပ်ကွက်သို့ ကွင်းဆင်း၍ ယခင်ငှားရမ်းထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး သုတ၊ရသ စာအုပ်များအား အသစ်ပြန်လည်လဲလှယ်၍ အခမဲ့ငှားရမ်းပေးခဲ့သည်။ ထိုသို့ ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေ ဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန်၊ စာပေဖတ်ရှုမှု ပိုမိုမြင့်မား လာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားလပ်သူများ၊ အချိန်မရှိ၍ စာအုပ်စာပေများ လာရောက်မငှားရမ်းနိုင်သူများအတွက် ရည်ရွယ်၍ သွားရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို မန်တုံမြို့နယ် ပြန်/ဆက် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ အလှည့်ကျသွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက် ရှိပါသည်။
မန်တုံ(ပြန်/ဆက်)