မိုင်းကိုင် စက်တင်ဘာ ၁၃
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ နေ့စဉ်တိုးတက်များပြားလာနေမှုအပေါ် မိုင်းကိုင် မြို့နယ်အတွင်း ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေး ကော်မတီသည် ကွင်းဆင်း ကြပ်မတ်မှုများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကားဂိတ်များနှင့် တည်းခိုခန်းများ၊ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ စိုင်းထွန်းလှိုင်းနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကားဂိတ်(၅)ခုတွင် နေ့စဉ်ခရီးသည်များစာရင်းနှင့် လမ်းခရီး ရာဇဝင် စာရင်းထားရှိမှုများ နေ့စဉ်သတင်းပို့မှုအခြေအနေ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း များအား စစ်ဆေးပြီး ကားဂိတ်ရှိ ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်ရာများအား စစ်ဆေးခြင်းနှင့် အသိပညာပေး စာစောင်များ ဖြန့်ဝေခြင်း၊ မြို့နယ်အတွင်း Home Quarantine ဝင်နေသော မိသားစုသုံးစုတို့အား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများအား စစ်ဆေးခြင်း စသည့်ကွင်းဆင်းမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)