ဗန်းမော်မြို့တွင် ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်း‌ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ဗန်းမော် ဩဂုတ် ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများကို မေးမြန်းဆွေးနွေး ခဲ့ရာ ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ညိုဇင်မာဝင်းက ဂေဟစနစ်တွင် သက်ရှိသတ္တဝါနှင့် သက်မဲ့များဟူ၍ (၂)ပိုင်းရှိပြီး သက်ရှိများမှာ အပင်နှင့် သတ္တဝါများဖြစ် ကြောင်း၊ သက်မဲ့ရုပ်ဝတ္ထုများဖြစ်သည့် လေ၊ ရေ၊ မြေ၊ ရာသီဥတု၊ အပူချိန်၊ စိုထိုင်းဆ စသည့် တစ်ခုနှင့် တစ်ခု အပြန်အလှန်ဆက်နွယ် အကျိုးပြုနေသော ဖြစ်စဉ်တစ်ခုဖြစ်ပါကြောင်း၊ လူသားတို့ ရှင်သန်ရပ်တည်မှုအတွက် ဂေဟစနစ်အပေါ် တည်မီခြင်း အကြောင်းများ၊ ဂေဟစနစ်အမျိုးအစား (၇)မျိုးဖြစ်သည့် ကုန်းတွင်းဂေဟစနစ်၊ သစ်တောဂေဟ စနစ်၊ မြက်ခင်းဂေဟစနစ်၊ သဲကန္တာရဂေဟစနစ်၊ တန်ဒြာဂေဟစနစ်၊ ရေချိုဂေဟစနစ်၊ ပင်လယ်နှင့် ကမ်းရိုးတန်းဂေဟစနစ်အကြောင်းများကို လည်းကောင်း၊ လူသားတို့အတွက် ဒီရေတောဂေဟ စနစ်မှပေးသော ဝန်ဆောင်မှုများအကြောင်း၊ ဂေဟစနစ်ပျက်စီးခြင်း၏ အကြောင်းအရင်းများအနက် ဆိုးကျိုး များအကြောင်း၊ ဂေဟစနစ်မပျက်စီးအောင် တားဆီးကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရမည့် နည်းလမ်းများ အကြောင်းတို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးမှုများကို အများပြည်သူသိရှိနိုင်စေရန် အွန်လိုင်းမှတစ်ဆင့် လွှင့်တင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဗန်းမော်(ပြန်/ဆက်)