ပင်းတယ သြဂုတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့ အင်္ဂါရပ်နှင့် အညီသန့်ရှင်း သာယာလှပါစေရေးအတွက်၊ မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများက ယနေ့နံနက်က သဘာဝပုန်းတလုတ်ရေကန် လမ်းဘေးဝဲယာတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်် ၃၈၈၀ ပေရှိပြီး၊ စိုက်ပျိုးရေးကို အဓိကထား အသက်မွေးဝမ်းကျောင်းပြုကြ၍ အေးချမ်းသာယာသည့် တောင်ပေါ်ဒေသ ဖြစ်သည်။ ဓနုလူမျိုးအများစုနေထိုင်ကြပြီး ပအိုဝ်း၊ ပလောင်၊ ကရင်၊ ရှမ်း၊မွန် နှင့်ဗမာ စသည်တို့ နေထိုင်ကြပြီး ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းစေတီ၊ တန်ခိုးကြီးဘုရားများဖြင့် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များ အထူးစိတ်ဝင်တစားလာရောက်လည်ပတ်လေ့ရှိရာ မြို့တွင်းသာယာလှပရေးအတွက် ပင်းတယမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်ရာတွင်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ(ပင်းတယ) မှ အမှုဆောင်အရာရှိ ဦးစည်သူဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင် သာယာဝန်ထမ်းများမှ ပင်းတယမြို့နယ်အတွင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်း များအတွင်း ရွံ့မြေများ၊ နုန်းမြေများ၊ အမှိုက်သရိုက်များရှင်းလင်းဖယ် ရှားခြင်း၊ ချုံနွယ်ပင်များ ရှင်းလင်းခြင်း လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)