ရန်ကင်း သြဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်ရေး၊ အမိနိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုး၍ ဖွံဖြိုးတိုးတက်အောင် ကြိုးပမ်းရေးအတွက် လူငယ်များ စာပေလေ့လာဖတ်ရှုပြီး ဗဟုသုတ ကြွယ်ဝစေရန်နှင့် အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဖတ်ရှု ရာမှတစ်ဆင့် အသိပညာ၊ ဗဟုသုများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉:၀၀ နာရီမှ မွန်းတည့် ၁၂:၀၀ အထိ ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နဲ့အနာဂတ် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာပေဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က လူငယ်နဲ့အနာဂတ်စာဖတ်ဝိုင်းကို ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ် လူငယ်လေးများ စာပေကို ဂုဏ်ယူစွာ ဖတ်ရှုလေ့လာစေလိုကြောင်းဖြင့် လူငယ်နဲ့အနာဂတ် စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းမှ ဆရာဦးစိုးမြင့်ဒွဏ်း (အာယုဗ္ဗေဒ)က အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူငယ်များအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် အစီအစဉ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် များစွာလိုအပ်ပါကြောင်း၊ သို့မှသာ မိမိလုပ်ကိုင်သည့် လုပ်ငန်းများတွင် အောင်မြင်မှုများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး လူငယ်လူရွယ်များ၏ အနာဂတ်သည် နိုင်ငံဖွံဖြိုးတိုးတက်မှုအပေါ်တွင် များစွာမူတည်ကြောင်း အကျယ်တဝင့် အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြရာ ဆရာဦးစိုးမြင့်ဒွဏ်း (အာယုဗ္ဗေဒ)က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး လူငယ်နဲ့အနာဂတ် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)