စစ်တွေ ဩဂုတ် ၂၃
စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂−၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၉၇ ဒသမ ၈၉၃ သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ရာသီမရွေး သန့်ရှင်းသောသောက်သုံးရေများ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ကျက်တောပြင်ကျေးရွာ၌ အချင်းနှစ်လက်မ အနက်ပေ ၅၀ အဝီစိတွင်းနှစ်တွင်းနှင့် အမြင့်တင်ရေစင် ဂါလံ (၂၄၀၀)၊ အမြင့် ၂၀ ပေမှ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ ဇော်မဒတ်ကျေးရွာ၌ ကျေးရွာမြေသားရေကန်မှ အမြင့်တင် ရေစင်ဂါလံ (၂၄၀၀) အမြင့် ၂၀ ပေ၊ အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း၊ တောကံကျေးရွာ၌ အချင်း ၂ လက်မ အနက်ပေ ၅၀ တစ်တွင်း၊ ရေစုကန် (၃၀၀၀ ဂါလံ) မှ ရေစုကန် (၁၆၀၀ ဂါလံ) နှစ်ကန်သို့ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းများရွက်နေမှုအား စစ်တွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသန်းစိုးဦး၊ တာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးကြပြီး သတ်မှတ်ဒီဇိုင်းအတိုင်း အချိန်မီပြီးစီးရေးဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။
ရေရရှိရေးလုပ်ငန်းများပြီးစီးပါက ၎င်းကျေးရွာသုံးရွာရှိ အိမ်ခြေ ၄၁၇ အိမ်၊ လူဦးရေ ၁၈၆၁ ဦးနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များမှာ ရာသီမရွေးသောက်သုံးရေဖူလုံစွာ ရရှိမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)