သာကေတမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်

သာကေတ ဩဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်းရှိ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၄/မြောက် ရပ်ကွက်၊ အောင်ဇေယျလမ်းမကြီးရှိ အုတ်ရေနုတ်မြောင်းအား ယနေ့နံနက်မှ စတင်ကာ တာဝန်ရှိသူများမှ အနီးကပ်ကြီးကြပ်၍ အဆိုပါ အုတ်ရေနုတ်မြောင်းအတွင်းရှိ နုံး၊ သဲ၊ သစ်ရွက်ဆွေးများကို စက်ယန္တရားများဖြင့် ဆယ်ယူဆောင်ရွက်ခဲ့သည်။

သာကေတမြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်းက “ရေနုတ်မြောင်းတွေကို မဆယ်ဘဲထားရင် ကြာလာရင် မြောင်းတွေပိတ်ပြီး ရေစီးဆင်းမှု နှောင့်နှေးကာ မြောင်းရေလျှံမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ စက်ယန္တရားရော၊ ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ဝန်ထမ်းအင်အားနဲ့ပါ ဆယ်ယူနေပါတယ်။ ထွက်ရှိလာတဲ့ မြောင်းချေးတွေကိုတော့ ဒဂုံမြို့သစ် အရှေ့ပိုင်းနေရာမှာရှိတဲ့ သတ်မှတ်စွန့်ပစ်နေရာမှာ မြေသယ်ယာဉ်တွေနဲ့ အချိန်နှင့်တပြေးညီ စွန့်ပစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

/မြောက်ရပ်ကွက်၊ အောင်ဇေယျလမ်းမကြီးရှိ အဆိုပါအုတ်ရေနုတ်မြောင်းသည် အကျယ် (၄)ပေ× အနက် (၆)ပေ×အရှည် (၂၀၀၀)ပေရှိ၍ မြစ်ထွက်ပေါက်အမှတ်(၄)သို့ စီးဆင်းသော ရေနုတ်မြောင်းလဲဖြစ်သည်။ အဆိုပါ ရေနုတ်မြောင်းဆယ်ယူရာတွင် သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်တို့မှ လာရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဝေယျာမင်း(ပြန်/ဆက်)