အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများ ကျင်းပ

ရန်ကုန် ဩဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိနိုင်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ အ.ထ.က(၁)ကျောင်း၊ ဧရာဝတီခန်းမတွင် ကျင်းပခဲ့သည်။

ကျင်းပရာတွင် အင်းစိန်မြို့နယ်၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က စာပေမှရရှိသည့် အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း (Book Club) ဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏီ- တောင်တွင်းကြီး)က စာအုပ်စာပေ လူ့မိတ်ဆွေ ခေါင်းစဉ်ဖြင့်လည်းကောင်း စာပေရေးရာ ဗဟုသုတများကို အသီးသီးဟောပြောခဲ့ကြပြီးနောက် အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း (Book Club) ဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏီ-တောင်တွင်းကြီး)က ကျောင်းစာကြည့်တိုက်အတွက် ဗဟုသုတရရှိစေမည့် သုတ၊ရသစသည့် စာအုပ်များကို အင်းစိန်မြို့နယ်၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်ထံ လှူဒါန်းခဲ့သည်။

ဆက်လက်၍ အင်းစိန်မြို့နယ်၊ အ.ထ.က(၁)ကျောင်း၊ Grade-8 မှ ကျောင်းသား မောင်ဇေယျာသူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူ (၃၂၀) ဦးတို့က စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)